ဗဟုသုတဘဏ်
'အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်ဆု ချီးမြှင့်ပွဲအခမ်းအနား'တဲ့။ နေရာက ပြန်ကြားရေးဝန်ကြီး ဌာန၏ခန်းမ၊ အချိန်ကနံနက်(၉)နာရီ။ နေ့ရက်က (၂ဝ၁ဝ) ပြည့်နှစ်၊ ဒီဇင်ဘာ(၃၁)ရက်။ မိမိမှာတာဝန်တစ်ဖက်နှင့် ဆိုသော်လည်း အမျိုးသားစာပေတစ်သက်တာဆုချီးမြှင့်ခံရ သည့်အတွက် ပီတိမျက်ဝန်း၊ ကြည်နူးမျက်နှာနှင့် သတ်မှတ်နေရာမှာ ထိုင်နေဆဲဖြစ်သည့် ဆရာကြီး ဒေါက်တာခင်မောင်ညွန့် ရှိရာ အပြေးတစ်ပိုင်း ရောက်ရှိခဲ့သည်။
ကေ - တစ်သက်တာ စာပေဆုချီးမြှင့်ခံရတဲ့အတွက် ဆရာ့ရင်ထဲက ပီတိစကား လေးပူပူနွေးနွေးကြားပါရစေ။
ခင် - ဝမ်းသာတာပေါ့။ ဂုဏ်ယူတာပေါ့။ ဆရာက ပညာရေးနယ်ပယ်မှာဝန် ထမ်းအဖြစ်နဲ့ တာဝန်ထမ်းခဲ့ ဖူးပြီ။ အခုထိလည်း နိုင်ငံတော်ကပေးအပ်လာတဲ့ တာဝန်ကို ထမ်းဆောင်နေတုန်းပါပဲ။ ဒီလိုထမ်းဆောင်ခဲ့လို့ ဘွဲ့တံဆိပ် တွေရရှိခဲ့တယ်။ အခုရရှိတဲ့ဆုက စာပေဝန်ကိုထမ်းဆောင်ခဲ့တဲ့အတွက် နိုင်ငံတော်က အသိအမှတ်ပြုချီးမြှင့်တဲ့ဆု၊ အမျိုးသားစာပေ တစ်သက်တာဆုမို့ စာပေဝန်ထမ်းအဖြစ် ဂုဏ်ယူမိပါတယ်။
ကေ - ဆရာက သုတစွယ်စုံစာပေတစ်သက်တာဆု၊ ဆရာဝန်တင်ရွှေဆုတွေကိုလည်း ရခဲ့သေးတယ်နော်။
ခင် - ဟုတ်တယ်။ဆရာဝန်တင်ရွှေဆုက(၂ဝဝ၅)၊ သုတစွယ်စုံစာပေတစ်သက်တာဆုက (၂ဝဝ၉)ပါ။
ကေ - ကျေးဇူးတင်ပါတယ်ဆရာ။ အမျိုးသားစာပေ တစ်သက်တာဆု ရရှိလိုက်တဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူပါတယ်။
ခင် - ဆရာလည်း ကျေးဇူးတင်ပါတယ်။ ခုလို အသိအမှတ်ပြု ချီးမြှင့်တဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ပါတယ်။ စာပေအကျိုးကို တစ်ထောင့်တစ်နေရာက ဆက်လက်ဖြည့်ဆည်းပေးရင်း ကျေးဇူးပြုနေမယ် ဆိုတာ ပြောချင်ပါတယ်။
မှတ်တမ်းဓာတ်ပုံရိုက်သူတွေ၊ ဗျူးသူတွေ၊ နှုတ်ဆက်စကားပြောနေသူတွေ၊ မိတ်ဆက် တွေ့ဆုံနေသူတွေကြား တရစပ် ပြေးလွှားမေးမြန်းဖို့ တွန်းပို့နေသူက ဆရာမြတ်ခိုင်။ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်ကို ဂါရဝပြုထွက်လာပြီးပြီးချင်း မျက်ဝန်းရှေ့မှောက် ရောက်လာသည့် ဆရာလင်္ကာရည်ကျော်ထံ ချဉ်းကပ်လိုက်သည်။ ဆရာက 'ဒေါက်တာရွှေသွေးနှင့်မပန်းမှုံ' (ဒုတိယမြောက်)လုံးချင်းဖြင့် (၂ဝဝ၉)ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်ဆု)ကို ရရှိသူ ဆရာဝန်စာရေးဆရာ။
ကေ - ဆရာက (၂ဝဝ၇)ခုနှစ်ကလည်း အမျိုးသားစာပေဆုရခဲ့သေးတယ်နော်။ ကျော် - ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်းဖြစ်တဲ့ 'ကြိုးကြာတောင်ပံ ခတ်သံ'က (၂ဝဝ၇)ခုနှစ်အတွက် အမျိုးသားစာပေဆု (လူငယ်စာပေ)ကို ရရှိခဲ့ပါတယ်။ ကေ - ခုတစ်ကြိမ် 'ဒေါက်တာရွှေသွေးနှင့်မပန်းမှုံ' ကရော ဘာကြောင့် အမျိုးသား စာပေဆုရခဲ့တယ် ထင်ပါသလဲဆရာ။
ကျော် - ကျွန်တော်က ဆရာဝန်တစ်ယောက် ဖြစ်လို့ ဆရာဝန်နဲ့ ဆေးလောက အတွေ့အကြုံတွေကို အခြေခံပြီး ရေးဖြစ်ပါတယ်။ အဲဒီထဲမှာ ဇာတ်ကောင်တစ်ဦးစီရဲ့ ရပ်တည်မှု၊ သဘောထားနဲ့ ဝန်းကျင်အမြင်ကို ဝတ္ထုအင်္ဂါရပ်နဲ့ ညီအောင် စွဲဆောင် သရုပ်ဖော်ခဲ့ပေမယ့် အဓိက က ဝါသနာ၊ စေတနာ၊ ကရုဏာနဲ့ အနစ်နာကို အခြေတည်ရပ်တည်ရင် ဘဝ အောင်မြင်မှုရစေတယ် ဆိုတဲ့ ကိုယ်တွေ့အသိကို သရုပ်ဖော်လိုက်တာပါ။ ဒီအတွက် အသိအမှတ်ပြုခြင်းခံရတာ၊ ဆုချီးမြှင့်ခြင်းခံရတာပါပဲ။
ကေ - ကျေးဇူးပါ ဆရာ။
ကျော် - ကျေးဇူးပါ။ ဆရာလင်္ကာဝတ်ရည်ကျော်အပါးက ခွာတော့ ခန်းမထဲက ထွက်ဟန်ပြင်နေသည့် ဆရာမောင်နီဝင်း(ပခုက္ကူ)။ 'စိမ့်စမ်းရေကြည်ကဗျာများ' စာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာပေါင်းချုပ်ဆု) ရရှိသူ။
ကေ - ဆရာအတ္ထုပတ္တိမှာ စာစောက်၊ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာ ကဗျာပုဒ်ရေ (၂ဝဝ)ကျော် ရေးသားခဲ့တယ်လို့ ဖော်ပြထားတယ်
နီ - ဟုတ်ပါတယ် ကျွန်တော်က ကဗျာကို ပိုအာရုံရောက်တဲ့အတွက် ကဗျာတွေ ရေးဖြစ်တာများတယ်
ကေ - ဆရာရေ အမျိုးသားစာပေဆုဆိုတာ စာပေသမား၊ စာရေးဆရာတွေ အဖို့ အကယ်ဒမီလို့ ဆိုကြတယ်။ ဆရာက (၂ဝဝ၉)ခုနှစ် အတွက် စာပေအကယ်ဒမီဆု ရထားပြီ ဆိုတော့ ရင်ထဲစကားလေး ကြားပါရစေ
နီ - ဝမ်းလည်းသာတယ်၊ ဂုဏ်လည်းယူပါတယ်။ အမျိုးသားစာပေဆု ဆိုတာ နိုင်ငံတော်က ချီးမြှင့်တဲ့ စာပေဆိုင်ရာ အမြင့်ဆုံးဆုဖြစ်တဲ့အတွက် ကျွန်တော်တို့ရှေ့ဆက် ဒီထက်မကရေးသားဖို့ ခွန်အားတစ်ရပ်ပေါ့။
ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်၏ အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဆရာ့အသွင်က ရိုးရှင်းအေးဆေးသလောက် ဆရာ့စကား၊ အသံကလည်း ဖြေလေးအေးငြိမ်းလှသည်။ သို့တိုင် ဆရာ့မျက်ဝန်းတွေက ပီတိရသကဗျာတစ်ပုဒ် ဖွေရှာအဖြေထုတ်နေကြောင်း သတိပြုမိပြီးနောက် ဆရာ့ကို နှုတ်ဆက်ထွက်လာခဲ့သည်။
သည့်နောက်မှာ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေသည့် ဆရာဒေါက်တာခင်အေး၊ (မောင်ခင်မင်(ဓနုဖြူ)နှင့် အကြည့်ဆုံ လိုက်မိပြန်ပါသည်။ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရခဲ့သူ မြန်မာစာဌာန၏အဖွဲ့ဝင်ဟူသည့် ဂုဏ်ဒြပ်တွေနှင့် တွဲစပ်သိမှတ်ထားသူ ဆရာ့ကိုတော့
ကေ - အမျိုးသားစာပေဆုကို ဒုတိယအကြိမ်မြောက်ရရှိတာလို့ သိရပါတယ်။
အေး - ဟုတ်ပါတယ်။ အရင်က (၂ဝဝ၂)ခုနှစ်ကလည်း စာပဒေသာဆုရခဲ့ဖူးတယ်။
ကေ - (၂ဝဝ၉)ခုနှစ် အမျိုးသားစာပေဆု (စာပဒေသာဆု) ရခဲ့တဲ့ဆရာ့ရဲ့ 'ဘာသာအမြင်နဲ့ စာပေအမြင်'ကို ပြုစုဖြစ်ခဲ့တဲ့ အကြောင်းက
အေး - ဒီစာအုပ်က သုတေသန စာတမ်းဆောင်းပါးတွေကို စုစည်းထုတ်ဝေ လိုက်တာပါ။ ဒီဆောင်းပါးတွေက နှုတ်စကားနဲ့ စာစကားရဲ့စာပေအပေါ် သက်ရောက်တဲ့ ကျေးဇူးတရားတွေ။ စာပေအရေးစနစ်ရဲ့ သဘောတရားတွေကို သိသာစေဖို့ရေးခဲ့တာပါ။
ကေ - အမျိုးသားစာပေ ဆုရပြီးစ ဆရာ့ရဲ့ရင်ထဲကစကားကို ကြားချင်ပါသေးတယ်ဆရာ။
အေး - မြန်မာစာပေကို မြတ်နိုးတန်ဖိုးထားစိတ်နဲ့ ရှေ့ဆက်ပြီးတော့လည်း ရေးသားနေမှာပါ။ မြန်မာစာနဲ့ပတ်သက်တဲ့ သတ်ပုံ၊ ပုဒ်အထားအသို၊ ဝါကျဖွဲ့စည်းပုံ စတဲ့အကြောင်းအရာတွေကို စနစ်တကျ ရှိစေဖို့၊ သိမှတ်နည်းယူဖို့ စေတနာနဲ့ ရေးနေဦးမှာပါ။
ကေ - ဆရာ့အတွက် ဂုဏ်ယူမှုနဲ့ အတူ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ရုပ်ရှင်အကယ်ဒမီဆုနဲ့ စာပေဆု ဆွတ်ခူးရရှိတဲ့နေရာမှာ ရင်ခုန်သံချင်း တူနေသလား ဆရာရယ်လို့ အစချီမေးလိုက်မိတဲ့ တစ်ဦးကတော့ ဆရာငြိမ်းမင်း ဖြစ်သည်။ သမီးငယ်၏ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေမှုကို အိုက်တင်ပေးနေရာက လှည့်ကြည့်လာသည့် ဆရာ့အပြုံးက အေးအေးချိုချို
ငြိမ်း - စေ့ဆော်မှု ကွဲပြားတဲ့ အတွက် စည်းချက်ချင်းတော့ ကွာတာ ပေါ့ဗျာ။ ဒါပေမယ့် ရင်ခုန်နေတာတော့ အမှန်ပါပဲ။
ကေ - ဆရာက ဒီစာပေဗိမာန် စာမူဆုအတွက် ပြဇာတ်စာပေကို ပထမဆုံးဝင်ပြိုင်ဖြစ်တာလို့ သိရပါတယ်။
ငြိမ်း - ဟုတ်ပါတယ်။ ပထမဆုံးအကြိမ် ဝင်ပြိုင်ပြီး ပထမဆုရရှိ လိုက်တာပါ။
ကေ - ဘယ်လို အကြောင်းအချက်တွေ ရေးဖွဲ့လို့ ခုလို(၂ဝဝ၉)ခုနှစ် အတွက် စာပေဗိမာန်စာမူဆု (ပြဇာတ်စာပေ ပထမဆု)ကို ရခဲ့တာလဲ ဆရာ။
ငြိမ်း - ကျွန်တော်က ကျောင်းဆရာလည်း လုပ်ခဲ့ဖူးတော့ ကလေးတွေရဲ့ပညာရေးရယ်၊ ပြီးတော့ အဲဒီပညာရေးကို အထောက်အကူ ဖြစ်စေတဲ့ ကျေး လက်ကျန်းမာရေးရယ်။ ဒါကို အခြေခံရေးဖို့ စိတ်ကူးမိရာက အခန်း (၂၁)ခန်း ပါဝင်တဲ့ ပြဇာတ်တစ်ပုဒ်ကို ရေးသားယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။
ကေ - ဒီနှစ် အမျိုးသား စာပေဆု 'ဝတ္ထုတိုပေါင်းချုပ်' ဆုကို ရရှိသွားတဲ့ ဆရာမောင်ခြိမ့်ဆိုရင် (၂ဝဝ၈)xခုနှစ် ပခုက္ကူဦးအုံးဖေစာပေဆုရ စာမူကနေ စာပေဗိမာန်က စာအုပ်ထုတ်ဝေပြီးတော့ ရရှိသွားတယ်။ စာပေဗိမာန် စာမူပထမဆု ရရှိတဲ့စာမူတွေဟာ စာအုပ်အဖြစ် ထွက်ရှိပြီးရင် အမျိုးသားစာပေဆုကို ရင်ခုန်နိုင်တယ် ဆိုတော့ ဆရာ့အနေနဲ့ရော ဒီပြဇာတ်စာမူဆုကနေ မျှော်မှန်းထားပါသလား။
ငြိမ်း - 'ဟား ဟား ရရင်တော့ ယူချင်တာပေါ့ဗျာ'တဲ့။
ဆရာငြိမ်းမင်းနဲ့အတူ စာပေဆုပေးပွဲ တက်ရောက်လာတဲ့ ဆရာ့ရဲ့သမီးငယ်လေး ကိုယ်တိုင်ကလည်း မကြာသေးမီ ကာလကမှ ပြည်ပက ချီးမြှင့်တဲ့ ဆုတစ်ဆုကို ဆွတ်ခူးရရှိထားတာ သိရပေမယ့် အချိန်ကိုငဲ့နေရတာကြောင့် နှုတ်မသင့်ဖြစ်တော့။ ဆရာငြိမ်းမင်းနဲ့ လိုတိုဗျူးလေး ဆောင်ရွက်အပြီး ဘေးဘီကိုကြည့်လိုက်သည်။ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ အရာထမ်းအမှုထမ်းတချို့၊ ဆုရမိသားစုတချို့က လွဲ၍ ခန်းမထဲမှာ သိပ်မရှိတော့။ ပထမထပ်မှာ ခင်းကျင်းပြသထားသည့် ရုပ်ရှင်နှင့်စာပေ အနုပညာပြခန်းဆီ ဦးတည်ရောက်ရှိသွားကြပြီ။
အနုပညာပြခန်းထဲ ဝင်ဝင်ချင်း အကယ်ဒမီဆုရ ဓာတ်ပုံများကို စိတ်မှတ်တမ်းပြုစုနေသည့်ဟန် တိုင်းရင်းသားဝတ်စုံပြည့်နှင့် ဆရာဦးကျော်သန်း(ဖယ်ခုံ)ရှေ့မှောက် ရောက်ရှိသွားပြီး
ကေ - ကယန်းလူမျိုး ကယန်းဓလေ့' စာအုပ်ရေးသား ထုတ်ဝေဖြစ်ခဲ့ပုံသိပါရစေ။
ကျော် - 'ကယန်း'တိုင်းရင်းသားဆိုတာ မြန်မာတိုင်းရင်းသား မျိုးနွယ်တစ်စု ဖြစ်တယ်ဆိုတဲ့အချက်ရယ်။ 'ပဒေါင်'၊ 'ဇယိမ်း'တို့ 'ယင်းဘော်'တို့ဆိုပြီး အခြားတိုင်းရင်းသားတွေ ခေါ်နေတဲ့ နာမည်ကိုမျိုးကွဲ တိုင်းရင်းမျိုးနွယ်ကို အထင်မှား နေတာရယ်ကို သေချာဂနသိရအောင် ရေးခဲ့တာပါ။ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုတွေလဲ ပါတာပေါ့။
ကေ - ကိုယ့်မျိုးနွယ်အကြောင်းရေးပြီး မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုကိုရရှိခဲ့တာပေါ့။
ကျော် - ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ကယန်းပဒေါင် တစ်ယောက်မို့ ကိုယ့်မျိုးနွယ်အကြောင်း ထဲထဲဝင်ဝင် ရေးနိုင်ခဲ့တာပါ။ ဒီ အမျိုးသားစာပေဆု ရလိမ့်မယ် မမှန်းနိုင်ပေမယ့် ရတော့လည်း ဝမ်းသာပါတယ်။ နောက်လည်း ဆက်လက်ရေးသား ထုတ်ဝေဖို့ရှိပါတယ်။
ကေ - ကျေးဇူးတင်ပါတယ် ဆရာ။
ကျော် - ဟုတ်ကဲ့ပါ။
နှုတ်ဆက်နေစဉ်မှာပင် ဖျတ်ကနဲလင်းပွင့်လာသည့် ကင်မရာမီးရောင်ကြောင့် ငဲ့ကြည့်လိုက်တော့ ဆရာမောင်မျိုး (ကြောင်နှစ်ကောင်)။ စာအုပ်ထုတ်ဝေရေး အပြင် ကင်မရာပါ ကိုင်စွဲလာပြီဖြစ်သည့် ဆရာ့ကို ပြုံးပြလိုက်ပြီးနောက် မေးဖို့ ကျန်နေသေးသည့် အမျိုးသားစာပေဆုရ ဆရာ၊ ဆရာမများ စာပေဗိမာန်စာမူဆုရ ဆရာ၊ဆရာမများကို စိတ်တွက် တွက်ကြည့်မိသည်။ အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရ ဆရာ၊ ဆရာမပေါင်း (၄၁)ဦးအနက် (၆)ဦးကိုသာ တွေ့၊ မေးခွင့်ရလိုက်သည်။ အခြားသော ဆုရဆရာ၊ ဆရာမတွေရင်ထဲမှာလည်း ပြောစရာစကားစတွေ ရှိနေဦးမည်။ သို့တိုင်ကာလ၊ ဒေသ၊ ပုဂ္ဂလအရ သည်မျှနှင့် ကျေနပ်လိုက်ရသည်။ ကိစ္စတော့မရှိ။ သူတို့ရင်ထဲက စကားတွေ၊ စာပေထဲမှာ စူးနစ်ပါဝင်နေမှာ သေချာသည်လေ။
Labels: First histories-III
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment