Foreign Exchange Certificates (နိုင်ငံခြား ငွေလဲလှယ်မှု လက်မှတ်) ခေါ် FEC များကို မကြာခင် ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း သြဂုတ်လ ၁၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သော အစိုးရသစ်၏ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ငံခြားငွေကြေး ၀င်ရောက်မှုနှင့် သုံးစွဲမှုကို ချုပ်ကိုင် ကန့်သတ်ရန် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက် ဖြစ်သော ၁၉၉၃ ခုနှစ်က FEC ကို စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
FEC ကို မကြာခင် ဖျက်သိမ်းမည့် အရေးနှင့် ပတ်သက်၍ လက်ဝယ်ရှိသူများ စိုးရိမ်စရာ မရှိကြောင်း၊ ဖျက်သိမ်းပြီဟု တရားဝင် ကြေညာပြီးလျှင် အစိုးရမှ FEC များကို မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ အမေရိကန်ဒေါ်လာများဖြင့် လည်းကောင်း ၀ယ်ယူပေးသွားမည်ဟု ၀န်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သော်လည်း မည်သည့် နှုန်းထားဖြင့် ၀ယ်ယူမည်ဟု မပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံခြားနှင့် ဆက်စပ်သော NGO များနှင့် စီးပွားရေး လုပ်ငန်းများသည် တရားဝင် ငွေလွှဲပြောင်းမှု၌ FEC ကို အသုံးပြုနေရပြီး ငွေလဲလှယ်မှု အတက်အကျ ကွာဟမှု မမှန်သောကြောင့် နစ်နာမှုများ ရှိခဲ့သဖြင့် ဖျက်သိမ်းခြင်းကို ကြိုဆိုပါကြောင်း၊ ထိုသို့ ပြန်လည်လဲလှယ် ပေးရာတွင် FEC ပေါ်၌ ရေးသားထားသော တစ်ယူနစ်သည် အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသည် ဆိုသည့်အတိုင်း ဆတူလဲလှယ်ပေးရန် မျှော်လင့်ပါကြောင်း ပြည်တွင်း INGO ၀န်ထမ်းတစ်ဦးက
mmDailyNews သို့ သူ၏ အမြင်ကို ဖော်ထုတ် ပြောကြားခဲ့သည်။
လက်ရှိအနေအထားတွင် ပြည်တွင်း ငွေကြေးလဲလှယ်မှု ဈေးကွက်အတွင်းသို့ ဒေါ်လာများ များပြားလာခြင်းတို့ကြောင့် ဒေါ်လာဈေးနှုန်း ကျပ် ၇၀၀ ကျော်သာ ရှိတော့ပြီး ထိုထက်ပို ကျဆင်းနိုင်မည်ဟု ပညာရှင် အများစု သုံးသပ်နေကြသလို FEC သည်လည်း အထိနာလျက် ရှိနေသည်။
Labels: News-XII