“မြို့မငြိမ်း” ၏ “နတ်ရှင်နောင်” သီချင်းတွင် ….
“ပိတောက်တွေရွှေရည်လူးကြမယ့်အခြေ ……. ၊ ပုလဲငုံ စံပယ်ဖြူ ဖူးခက်ခက်ဝေ ၊ပန်းမျိုးစုံ ရာသီကုန်ဖူးခဲ့ ပေါ့လေ ၊ ချစ်သူကို ရည်စူး ခူးတယ်လို့ချွေ”…….
သင်္ကြန်ပွဲတော်တွင်
အဝေးရှိချစ်သူကို ရည်ရွယ်ပြီး တောတောင်ထဲတွင်ပွင့်သော ပိတောက်ပန်းကို
ခူးချွေခဲ့သော စာဆိုစစ်သည်နတ်ရှင်နောင်ကို စိတ်ကူးယဉ်လွန်းသူဟု
ကျတော်မဆိုဝံ့ပါ ။ အပြစ်တင်ချင်း တင်ရလျှင် လွမ်းအောင်ဖန်တတ်သော
ပိတောက်မင်းကို သာ ကျတော်အပြစ်ဆိုမည်။
ပိတောက်မရှိ လျှင်သင်္ကြန် သည် အတော့်ကို မပြည့်မစုံ အထီးကျန်လိမ့်မည် ။
( ပိတောက် ရှိပြီး ချစ်ရမည့်သူ အနားမှာ မရှိလျှင်ကော ????????? )
တစ်နှစ်တစ်ခါသာ ပွင့်သောပိတောက်ပန်းသည် တန်ဖိုးထားဖွယ်ပင်ဖြစ်သည်။
သင်္ကြန်ရက်တွင်း
အိပ်ယာမှနိုးနိုးချင် “ဟေ့ သည်နေ့ပိတောက်တွေပွင့်ပြီ ဟေ့” လို့သော
ဝမ်းမြောက်မြူးတူးသံနှင့် သတင်းစကားသည်လည်း ကျွန်တော့်ကို လှုပ်နိုးတတ်မြဲ ။
ချက်ချင်းပင် ပိတောက်နံ့မွှေးလာသည် ။ ပိတောက်သည် အထွက်အမြတ်ထားစရာ ပန်း …. ။
မြတ်စွာဘုရားကိုလည်း ကပ်လှူရမည် ။ အိမ်မှအမေ့အတွက်လည်း ခူးရမည် ။ ခင်မင်ရာ
မိန်းကလေးသူငယ်ချင်းတွေကိုလည်း ဝေငှရမည်။ နောက်သင်္ကြန်ရက်များအတွင်း
ရေပက်ခံထွက်ကြမည် ။ သင်္ကြန်သီချင်းတွေ ဆိုကြမည် ။ ခင်မင်သူ တွေကို
ရေလောင်းမည်။ နောက်နှစ်ဆန်းတစ်ရက်နေ့တွင် သင်္ကြန်လွမ်း ဝေဒနာကို ခံစားရင်း
မိဘတွေနဲ့ ကျောင်းကန်ဘုရားသွားရင်း နောက်နှစ်သင်္ကြန် မြန်မြန်ကျပါစေလို့
ဆုတောင်းမယ် ။ နောက်နှစ်ဆန်း (၁) ရက်နေ့ အထိမ်းအမှတ် စာအုပ်တစ်အုပ်
အမှတ်တရ၀ယ်မည် ။
ဒါသည် သင်္ကြန်ခံစားမှုဖြစ်သည်။ လျှောက်လည်ဖူးသမျှ သင်္ကြန်များတွင် (၉) တန်းဖြေပြီး (၁၀) တန်း ကျူရှင်များကို တတ်နေရသည့်နှစ်က သင်္ကြန်သည်အပျော်ဆုံးဖြစ်သည်။ သင်္ကြန်တွင်း ကျက်ရန်စာများရှိသည့် တိုင် သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ရသော အရသာသည် တော်တော်ကြည်နူးဖို့ကောင်းပါသည် ။
ခုတော့ သင်္ကြန်အရသာကို တမ်းတနေရသည်မှာ ကြာလေပြီ ။ မော်လမြှို်င်တွင် သင်္ကြန် မဏ္ဍပ်တို့ တည်ဆောက်လို့ အပြီးသတ်စအချိန်ဆိုရင် ကျတော်ပြန်လာခဲ့ရသည်ချည်း ။ ငယ်ငယ်ကလောက် ခံစားမှုမနုနယ်တော့သော်လည်း ဆွတ်ပျံ့မှုတော့ဖြင့် ခံစားနေရဆဲဖြစ်သည်။ ခင်မင်သူတစ်ယောက်၏ သင်္ကြန် အကြိုဆိုပြီး စတိရေလောင်းခံရသည်မှအပ သင်္ကြန်ရေ စိုစိုရွှဲခြင်းကို မခံစားရသည်မှလည်းကြာချေပြီ ။
ဒါပေမယ့်
တစ်နှစ်တစ်ခါ အချိန်မှန်လှသော သင်္ကြန်ရက်ကို မေ့လျော့ထားနိုင်ဖို့တော့
မဖြစ်ပါ ။ ခံစားချက်အချို့ကို မျိုသိပ်ထိန်းသိမ်း
ရမည့်အရွယ်ရောက်လာသည့်တိုင် ရင်ထဲတွင်တော့ သည်အချိန်ဆို ဆွတ်ပျံ့လာဆဲ ။
တစ်စုံတစ်ခုသော အခြေအနေ (ကျတော်ကိုယ်တိုင်လည်း မည်သို့သောအခြေအနေကို
လိုချင်မှန်း မိမိကိုယ်တိုင်မဝေခွဲနိုင်ပါ ) ကိုတမ်းတဆဲ …….. ။ ငယ်က
သူ့အတွက်ခူးခဲ့တဲ့ ပိတောက်ဦးကို လည်း သတိရဆဲပါ ….. ။
နက်ဖြန်ကျမည့်
သင်္ကြန်အတွက် ကဗျာဆရာအချို့ရဲ့ သင်္ကြန်ဖွဲ့ကဗျာများကို အမှတ်တရ
တင်ပေးလိုက်ပါတယ် ။ ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ ………….. ။
ပိတောက်ပန်း
လတန်ခူးပေမို့ အလှထူးပါဘိမြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။တကယ်တန်းသာဖြင့်ဘယ်ပန်းနော် စံမတူဘုနန္ဒမူ ဖန်ဂူ ထိပ်မှာလပစ္စေကာ ချွေးတော်သိပ်ရတယ်အေးရိပ်ဆာယာ ။တစ်နှစ်တွင်သည်တစ်လပေပတစ်လတွင် တစ်ရက်ထဲခက်ခဲတဲ့ ရက်ဗုဒ္ဓါပွင့်ရှာကြ စုံမြိုင်တွင်း ။မြူမင်းလွင်ထန်ကြူသင်း တာချိန်ယံမတော့ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့်ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့သိန်သရေထိန်ဝေလို့တောက်တဲ့ပြင်လမ်းတစ်လျှောက်သင်းပေမယ့်ဆန်းသလောက်မလင်းနိုင်ဘုပန်းပိတောက်မင်း ။ ။(ဦးကြော့)
ပိတောက်ပန်း
ပန်းပိတောက်များ ။ ။
ကဗျာဆိုတာ
စာဆိုရဲ့ စိတ်ကြေးမုံလို့ဆိုကြတယ် ။ အချို့က သင်္ကြန်ကို ချစ်တယ် ။
ကြည်နူးတယ် ၊ သာယာတယ် ။ အချို့ကြ စိတ်နာတယ် ၊ကြေကွဲကြတယ် ၊
ဝမ်းနည်းတမ်းတတတ်ကြတယ် ။
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မှီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းခါပ
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပ
ကြွားချင်လှပေလိမ့်မယ် ။
တစ်သိန်တင့်ပါဘိ
တိမ်မြင့်ရည်ပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင့်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်တော့သလား ။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာအ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆန်းကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့်
အရေးအခါသာမှ
ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ ။ ။
(ဆရာဇော်ဂျီ)
အတာ
သင်္ကြန်တော်တန်ခူးမို့
ရွှေဝါဖူး ပိတောက်တွေ ပွင့်ပေါ့ဝေေ၀ ။
ရွှေဝါဖူး ပိတောက်တွေ ပွင့်ပေါ့ဝေေ၀ ။
အတာရေ ဖြာဝေလို့ စိုလန်း ။
ချစ်ဦးမာပါစေ - တဲ့
နှစ်ကူးသာပါစေ တဲ့
ပဏာချွေ ရွှန်းဝေဆင့်တယ်
ထွန်းတင့် နှစ်ဆန်း ။ ။
နှစ်ကူးသာပါစေ တဲ့
ပဏာချွေ ရွှန်းဝေဆင့်တယ်
ထွန်းတင့် နှစ်ဆန်း ။ ။
(ငွေတာရီ)
(ဆရာ ဒဂုန်တာရာကတော့ ချစ်သူအတွက် ပိတောက်ဖူး ခူးရန်ကြံတဲ့ လုလင်တစ်ယောက်ရဲ့ အဖြစ်ကို ကဗျာဖွဲ့ခဲ့တယ်….. )
ပိတောက်ဦး
အို … လှလိုက်တာ
ကိုင်းငိုက်ယိုယီး ၊ တွဲလောင်းစီး၍
ရွှေသီးဝါသွေး ၊ ပြွတ်သိပ်လေးအောင်
ညွတ်ကွေးရွရွ ၊ လှ … လှ … သည်
ပထမပိတောက်ပွင့်စဉ်က ။
“ဟော … ဟော … ပွင့်ပြီ”
ကျူးရင့်အော်ကြ ၊ တံခါးဝမှ
လှစ်ဟဆိုကာ၊ ပြေးထွက်လာပြီး
ဝင်းဝါပိတောက် ၊ သစ်ပင်အောက်ဝယ်
လုကောက် ကြွေသည့် ပွင့်များကို။
ငမ်းငမ်းတတ် ၍
လုယက်ခုန်တက် ၊ ဓားလက်နက်ဖြင့်
လုဖျက်မှုန်းကြောင့်
ကြေပြုန်းလဲကျ ၊ ဒဏ်ရာရနှင့်
ရွက်မြပြာညို .၊ သစ်ငုတ်တိုသာ
ဖရိုဖရဲ ကျန်ရစ်၏ ။
ငါ့စိတ်တွင်ကား
မေခင်နှမ ၊ ဆံကေမြထက်
လှလှကလေး၊ ကိုယ်တိုင်ရွေး၍
ဆင်ပေး ထုံးချင်လှသောကြောင့် ။
ကျိုးပဲ့နေသော
ပင်ခြေအောက်တည့် ၊ ငါ ရပ်ကြည့်၍
ကြွင်းသည့်တစ်ပွင့် ၊ ကောက်မည်လင့်သော်
“အို … ရှင့် … ကျွန်မ
ဗုဒ္ဓမြတ်ထံ ၊ လှူကပ်ရန်” ဟု
လုပြန်အတင်း ၊ ဆိုကာချဉ်းသော်
လက်ချင်းဆုံ၍ နေသတည်း ။ ။
(ဒဂုန်တာရာ)
(ဆရာမကြီး ကြည်အေးကတော့ မျှဝေခံစားမည့် ချစ်သူမရှိလျှင် အထွတ်အမြတ်ထားရာ ပိတောက်ဦးပင် အချည်းနှီး ဖြစ်ရတယ်လို့ဆိုပြန်ပါတယ် … )
အချည်းနှီးပိတောက်
လှလိုက်တာကွယ်
ဝင်းဝါထိန်ရဲ ၊ ဆုပ်ခဲရွှေငုံ
စုပြုံပွင့်ကြ ၊ ပေါ်ဦးစရှင့်
လှ ၊ လှပါဘိ ၊ နှုတ်ခမ်းဖိကပ်
နမ်းမိ ချစ်မိ ၊ ပိတောက်နွယ် ။
ပိတောက်ဦးမို့
ယစ်မူးတသ ၊ နှမြောလှရဲ့
ဘ၀ချစ်သူ ၊ မိုက်မှာယူထင့်
မလှူရက်ဖူး ၊ တပ်မက်ဦးမည်
ဆုထူးမဆင် ၊ ဘုရားမတင် ။
ပိတောက်ပွင့်နွယ်
ရင်ဝယ်ပွေ့ပိုက် ၊ ၀မ်းမြောက်လှိုက်လှဲ
အိမ်ထဲပြေးခဲ့ ၊ ကြည့်ပါလှဲ့ဦး
မောင့်ရဲ့အနား ၊ စကားစလဲ
ပြုံးမြဲလျက်ပင် ၊ မောင်မမြင် ။
မောင်မမြင်၍
ငိုချင်ထွက်ခဲ့ ၊ ငဲ့မကြည့်တော့
ညွတ်ကော့မြိတ်စက် ၊ အိမ်ပြင်ထွက်၍
သင်းညက်ပျံ့လှိုင် ၊ ပိတောက်ခိုင်ကို
ပွေ့ကိုင်ရပ်ဆဲ ၊ မိုးဖွဲဖွဲမှ
သဲမဲကြမ်းရိုင်း ၊ မုန်တိုင်းရမ်းလဲ
မဆန်းကြယ်ဘူး ထင်မိ၏ ။ ။
(ကြည်အေး)
ဘာပဲဖြစ်ဖြစ် သင်္ကြန်ဆိုတာ သာမန်အားဖြင့်ချစ်စရာ မြန်မာ့ဓလေ့တစ်ခုပါ ။ အားလုံး ပျော်ရွှင်ကြပါစေ…. ။
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment