ဗဟုသုတဘဏ်
Labels: Religion-II
အရွင္ဧသက
အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာ အလုပ်သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ် ရွတ်နေရှာ တယ်။ သူ့ဘ၀ သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။
သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူလက်တွဲပြီး သာယာတဲ့ ဘ၀ခရီးလျှောက် လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက် တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့မလိုက်ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။ သူအလုပ်လုပ်တဲ့ စားသောက်ဆိုင် ကလူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။ အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။ ရန်မျိုးအောင်ဟာ တနေ့တော့ အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ နိုက်ကလပ်သွားချင်တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာ ပါသူမဟုတ်တော့လို့  သွားချင်တဲ့ စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်း ပြပြ ဖြစ်နေတယ်လေ။ မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ ဖြေဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင် ရှိရင်သွားမယ် ဆိုပြီး ဘယ်သူမှ မခေါ်ဘယ်သူမှမတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။ နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင် လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီး ပြင်ဆင်လိုက်တာပါ။
ဆိုင်ထဲရောက်သွားရင်ပဲ "ဘုရား-- ဘုရား--"လို့ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမော ကြည့်နေမိတယ်။ တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ် လုပ်တိုင်း မြင်နေကျပါ။ဆိုင်မှာအလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ လှုပ်လှုပ် ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်းကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့် (၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများ ဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှ သူ့တို့ အကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်။ဘုရားနောက်ကြော နံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော် ဘေးဝန်းကျင် ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင် ထိုးပြနေပြန်တယ်လေ။ ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထား လေသလားတော့ မသိ။ ဆင်းတု ကိုယ်တော်မြတ်ကြီးက"ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကို လာဖြားယောင်း ဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမလေးတွေက ညတိုင်းလာဖြားယောင်းနေပါလား "လို့ တွေးထင် တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။
ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုးပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရား ပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့ အရက်ခွက်ကို ကိုင်လို့၊တစ်ချို့က ဘုရား ခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေ တင်ထားပြန်တယ်။ ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကို ကျောမီနေပြီး သူ့တွဲဖက် ကောင်လေးက ဘုရားပေါ်လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီး ၀န်းကျင်မှာ ဖြစ်ပျက်နေပုံများကို ကြည့်ပြီး ဒေါသတွေ ချောင်းချောင်း ထွက်မိတယ်၊ ဖြစ်နိုင်ရင် ၀ါးရင်းဒုတ်နဲ့ အားလုံးကို မောင်းထုတ်ပစ်လိုက် ချင်တယ်။ မပြုဝံ့ပါပေ၊ "ခါကျဉ်ကောင်မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်" ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင် ဘာတတ်နိုင်ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကို ကြည့်ပြီးကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ်နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်း မွှန်နေတဲ့ အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာ တစ်ကိုယ်လုံးနီးပါး ပေါ်နေတဲ့ ကခြေသည်မလေးတွေရဲ့ တုန်ကာလုပ်ကာ မြူဆွယ်ပြနေတဲ့ အက၊ ဒီဝန်းကျင်မှာ နေရရှာတဲ့ ဘုရားရုပ်ပွား တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့  မျက်နှာတော်ကို စိုက်ကြည့်မိရာက သူ့ရင်ထဲမှာ "ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ" လို့ မိန့်တော်မူနေသလို ခံစားမိပြန်တယ်။
ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်း ကို ခေါ်ပြလေသလား မသိ။ မည်သို့ပင် ဖြစ်စေ အခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန် ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး ငယ်သူတော့ မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့် တာဝန်ဟာ ငါ့တာဝန်လို့ ဦးထိပ်မှာ တင်ကာခံယူလိုက်တော့တယ်။ "ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင် ပင့်မယ်"လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့ အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။
ရန်မျိုးအောင်ဟာ နောက်နေ့မှာ စောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ် ရင်း ဆိုင်ရှင် သူဋ္ဌေး အလာကို စောင့်နေတယ်။ သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သမားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်တယ်။ "သူဋ္ဌေးကို ပြောစရာရှိလို့ပါ"။ "အေး-ပြော"။ "ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ် ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်"။ ရန်မျိုးအောင်ဟာ သူ့ကြံစည်ထားတဲ့ အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေ လာပြောနေ တာလဲဆိုတဲ့ သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာ ရမ်းပြ လိုက်တော့ ရန်မျိုးအောင် ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲက ထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။

ရန်မျိုးအောင်ဟာ အလျှော့မပေး စိတ်ဓါတ်မကျခဲ့၊ ဆိုင်မန်နေဂျာ အမျိုးသ္မီးထံ ချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲ မဖြစ်နိုင်ကြောင်း နှစ်သိမ့် စကားသာ ပြောတယ်။ ရင်းနှီးနေလို့  မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။ တနေ့တော့ မန်နေဂျာကို ပြောမိတယ် " ဒီဗုဒ္ဓ ရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ် ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်နေတာကို မြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။" လို့ မအောင့်ပဲခံစားမိတဲ့အတိုင်း ပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံ ရတယ်။ အသိတရားရှိသူတိုင်း အမှန်တရားကို လက္ခံကြမည်သာ…။
ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲ ပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။ ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကို စောစောလာပြီး ညကမြူတူးပျော်ပါး သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့ အရက်ခွက်တွေ၊ ပေကျန်နေတဲ့ အရက်စက်တွေ၊ ဘုရား ၀န်းကျင်မှာ စွန့်ပစ်သွားကြတဲ့ အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံ သုံးပါးနဲ ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါ ရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကို ပင့်နိုင်ရပါလို၏လို့ လည်း အကြိမ်ကြိမ် ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့ နေ့စဉ် အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။
ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည်ပေါ်မလာသေး။ "ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ" (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ) ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။
"သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ် လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ"၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုး ပြင်ပြီးတောင်းဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလို မဟုတ်တော့လို့  ရန်မျိုးအောင် အားတက်မိတယ်။ မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ "မင်း ဒီလောက်တောင် လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီး တစ်ကောင် ရှာပေးပါ"။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ "ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်" လို့ ၀မ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော် ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ ဇနီးမောင်နှံကလည်း ကူညီရှာပေးတယ်။ လော့စ် အိမ်ဂျလိစ် မှာရှိတဲ့ ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်" ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။" "တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ"လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်း ငွေခြောက်ထောင် အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း တစ်ထောင်လောက် ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ ကြံသော်လည်း အကြံက မထွက်။ ချေးးဖို့ငှါးဖို့ ဆိုတာလဲ မလွယ်ကူလှ။ ရှိတဲ့ပစ္စည်း ကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့  မော်တော်ကားသာရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်ပေးဆပ်ချင် ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲ ဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲကကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်း ရောင်းဝယ်တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်း စုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့ လေးထောင်ကျော်လောက် ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး"အောင်ပြီကွ"လို့ ကြွေးကြော်မိတယ်။
နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့ လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ "အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား"လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။ သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံ ကိုင်သွား သူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။ တတိယအကြိမ် ၀င်ခဲ့ခြင်းပေါ့။ " ရန်- မင်းနဂါး တွေ့ပြီလား။" "ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊ နဂါးကြီးက သိပ်လှတာပဲဗျာ။" "မင်း နဂါးက ဘယ်နှစ်ပေလောက် ရှိလဲ။" "၇-ပေရှိပါတယ် ခင်ဗျာ။" "ငယ်တယ်ကွာ၊ ငါက ၁၀ပေအထက် နဂါးပဲ လိုချင်တယ်"။ ရန်မျိုးအောင်ရဲ့ အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့် ထွက်ခဲ့ရ ပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်…။
ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ ဆိုင်ပေါင်းစုံ ရောက်ခဲ့ပြီးးဖြစ်လို့  ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီး ဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ.. ။ ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက် ကြိုးစားချင်တယ်။ လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ စဉ်းစား ဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် "ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်"လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန် တွေ့သလို အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။
တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီး ၀န်းကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေ ဆဲပင်။ တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကို ရောက်လာတယ်၊ ရန်မျိုးအောင် အလုပ် လုပ်နေရာမှ ထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း စူးစူး စိုက်စိုက် ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်း တို့က အချည်းအနှီး မဖြစ်ပါပေ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံး လက်နက်များပင် မဟုတ်ပါလား။ လက်နက်ကောင်းတွေ ရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့ သူပိုင် လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။
နောက်တစ်ပတ်လောက်မှာ ရန်မျိုးအောင်ရဲ့ မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ ပေါ့၊ ဆိုင်ကိုစောစော လာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေး လုပ်တယ်။ ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ်အဖြစ် ဘုရားရဲ့လက်တော်ထဲ ကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါတယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊ သူ့ခံစားချက် အတိုင်း ဘုရားကြီးကို သနားစိတ်တွေ ဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့  မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့  ရန်မျိုးအောင် ထင်နေမိတယ်.. ။
ဘုရားဝတ်ပြုပြီး အလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့  ရန်မျိုးအောင် လန့်သွားတယ်။ ငါ့များ အလုပ်ဖြုတ်တော့မှာလား ဆိုတဲ့အတွေးက ပဌမဆုံး ၀င်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ ဘုရားရုပ်ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ ကြိုးစားခဲ့ပြီ။ ဘာသာရေး ပြဿနာများ ဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့် မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေ ခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာက ဘုရားကြီးကို ငါပင့်လို့ မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။ ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်း တိုင်ပေလိမ့် မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာ အပြစ်ရှိသူတယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူ တစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလို အင်အားကြီးတဲ့ သူတွေမို့ ငါ့ကို ရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့ နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့်ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့  သူဋ္ဌေးရုံးခန်းထဲ ၀င်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆိုဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံး စီရင်ချက်များ ဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။
(အဇူဇာကျောင်းသို့ကြွတော်မူစဉ် အဇူဇာမြို့အ၀င်တွင်)
သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ "ရန်-လာ၊ ထိုင်" လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာ ကြည့်ပြီး "ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။" "ဟာ-တကယ်လား" ရန်မျိုးအောင် အရမ်းဝမ်းသာသွားကာ၊ ထခုန်ချင်လောက်အောင်ပင် ဖြစ်ခဲ့ရတယ်။ သူဋ္ဌေးအား လက်အုပ်ချီကာ "ကျေးဇူးတင်လိုက်တာ ဗျာ" လို့ လှိုက်လှိုက်လှဲလှဲဆိုမိတယ်။ သူဋ္ဌေးက ဆက်ပြောတယ် "ဒီကောင်လေးဆိုရင် ပေးလိုက်ပါ လို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။" လို့ သူ့ဖခင်ရဲ့ သဘောထားကိုပါ ရှင်းပြတော့။ "အော်- ဟုတ်လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်း ပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါ တယ်။" ရန်မျိုးအောင် သိလိုက်ပါပြီ၊ ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့  နှလုံးသားကို ထိမှန်ခဲ့ပေပြီ။ ဘုရား ဂုဏ်တော်တို့ ရဲ့  အစွမ်း အာနိသင်ကိုလဲ လေးလေး နက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက် အောင်မြင်ရမည်မှာ မုချ..။ ရန်မျိုးအောင်ဟာ မိမိဘ၀ တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်း တစ်ခုကိုယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။
ဝမ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံ ဖုန်းဆက်ကာ ရည်မှန်းထားသည့် အတိုင်း ကားနှင့် ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။ ရန်မျိုးအောင်ဟာ အလုပ်သွား အလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီး ပင့်နိုင်ရေး ကသာ အဓိက မျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ ဒုက္ခကိုမြင်ကာ သနားကရုဏာ ဖြစ်နေတယ်။ ရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ် "ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား"။ ရန်မျိုးအောင် အားရပါးရရယ်လိုက်တယ်၊ ဒီစကားကို သိပ်သဘောကျ သွားပုံရကာ "ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင် ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန် ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန် ဖြစ်ခွင့် ရခဲ ပါတယ်ဗျာ။"

(အဇူဇာကျောင်းသို့ ဘုရားပင့်လာပုံ)
အရွယ်နဲ့ မလိုက်တဲ့ ရန်မျိုးအောင် စကားကြောင့် ကိုမိုးဝင်း အံ့သြသွားကာ "ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကို ချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကို သနားလဲသနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထားတယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ ငွေကို ငါတို့ ချေးပေးပါ့မယ်။" "ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ" ဟု ပြောပြော ဆိုဆို ကိုမိုးဝင်းကို ဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။ ဇနီးဖြစ်သူ မဘေဘီက အသင့်ပြင်ထားတဲ့ ဒေါ်လာလေးထောင်ကို ထုတ်ပေးတဲ့ အခါမှာတော့ "အဆင်ပြေချင်တော့လဲ ချောလို့ပါလား" လို့ ရန်မျိုးအောင် ပီတိဖြစ်မဆုံးတော့။
ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊ "ငွေခြောက်ထောင် ပေးပါ့မယ်၊ ခြောက် လလည်း အခမဲ့ အလုပ်လုပ်ပေးပါမယ်" ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင် ပေးချေလိုက်တယ်။ "မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏ လာဝယ်ကြ တယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်က မှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲရှိပါတယ်။" "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလို ရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်းကျိုးတွေ ဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။" အလုပ်ကိစ္စအတွက် ဆက်လက် ဆွေးနွေးကြတယ်။ ခြောက်လ အခမဲ့ လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိ လုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါး ဒေါ်လာဖြင့် လုပ်နေရာမှ ကိုးဒေါ်လာဖြင့် လုပ်ရန် နှစ်ဦးသဘောတူလိုက်ကြတယ်။ ဘုရားကျွန် ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။

(ရန်မျိုးအောင် ဘုရားရေသပ္ပါယ်နေပုံ)
ရန်မျိုးအောင်က ကတိတစ်ခု တောင်းဆိုလိုက်တယ်။ "နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ် ပုံတော်တွေ ဘယ်တော့မှ မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေး တစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။" သူဋ္ဌေးက ပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင်ရဲ့ သဘောထားကို သူဋ္ဌေး သိနေပြီး ဖြစ်ပေလိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော်ကြီးကို နိုက်ကလပ်မှ ပင့်ယူ ကယ်တင်လိုက်နိုင်သလို နောက်နောင် ဘုရားဆင်းတုတော်များ အတွက်လည်း ကာကွယ် ပူဇော် နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။
ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်း ခြောက်ထောင် ပေးဆပ်ရသည့်အပြင် တစ်နှစ်လုံး အတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ် ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရပြန်သေး.. ။
လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့ အလုပ်မျိုး ပြောင်းရွှေ့ လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။ ဒီထက်ဆိုးသည်မှာ မိဘများနှင့် တွေ့ခွင့် မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့ အခြေအနေမို့ မိဘများထံ မပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကို ပိုလွမ်း နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့် ရရခြင်း ပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။
ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလ ကမှ ပြန်ခွင့်ရခဲ့တယ်။ အမေရိကန် ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော် အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။ မိဘနဲ့ တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက ပိုအရေးကြီးနေချိန်မို့ ဘုရားကြီး ပင့်ပြီးမှ ပြန်တော့မယ်လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။ ဘုရားကြီး ပင့်ပြီးမှ ပြန်မယ်ပေါ့။ ခုတော့ ဘုရားကြီးပင့် နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။ တနှစ်အတွင်း မိဘများနဲ့ မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင် စိတ်မကောင်းပေမယ့်၊ ဘုရားကြီး ကြည်ညိုစိတ်နဲ့ ဖြေသိမ့် နေရပေတော့မယ်…။

(အဇူဇာကျောင်း ဆရာတော်များနှင့် ဂေါပကလူကြိုးများ ဘုရားကြိုဆိုအပြီးတွင် အမှတ်တရ)
နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီး ပင့်လာခဲ့တယ်။ ကိုမိုးဝင်းတို့ မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ကားပေါ်မှာပင် ရန်မျိုးအောင်က နံ့သာရေများနဲ့ ရေသပ္ပါယ်တယ်။ "ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံး အလုပ် ခုမှလုပ်ရတော့တယ်" လို့ပြောလိုက်သေးတယ်။
ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် "ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကို ရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာတာပါ ဘုရား" တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က သူဟာ ဆေးစွဲခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေကလဲ များပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကို အလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံ ရောက်လာခဲ့တယ်။ သူ့ကိုစောင့်ရှောက်ပြီး ဆေးသ္မား ဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်းပကတိ ဖြစ်ယုံမက မူးယစ်ဆေး၊ အရက်သေစာ အားလုံးကို နာကျည်းစွာဖြင့် စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲ အဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်း ဖြစ်နေပါပြီ။
ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။ သူ့ကို ကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့် ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကို ကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။ ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျခံပြီး ဆောက်လုပ်ထား တဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာလကမှ ဆောက်ပြီးခဲ့ပါတယ်။ ကြေးညိုရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့ မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။ မာရ်နတ်ရဲ့ အသင်း အပင်း ကာမမှောင် အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာမြတ်ကို ခံစားတော်မူလေပြီ။
ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊ အဓိပတိပစ္စည်းစွမ်းအား ရှိသော ဆန္ဒ ၀ီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်းလောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။
ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။

(ငွေများထုပ်ချေး အစစကူညီပေးခဲ့တဲ့ ကိုမိုးဝင်း+မဘေဘီတို့ကို ရန်မျိုးအောင်ကျေးဇူးတင်လွန်း၍ ကန်တော့)
အမေရိကန်လို ပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင်လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။ တစ်ချို့ နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါသေးတယ်။ ကမ္ဘာကျော်အပျော်အပါး လောင်းကစားမြို့ဖြစ်တဲ့ လပ်စ်ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီး တစ်ဆူ အထက်ပါနည်းအတူ စံနေတော်မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ ပပျောက်အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ......။ ။
အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း) လော့စ်အိမ်ဂျလိစ်မြို့၊ အမေရိကန်
www.ashinayethaka.com (မြတ်ပဋ္ဌာန်း)
၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၈-ရက်

သာသနာတော်ကို စောင့်ရှောက်စေလိုတဲ့ ဆန္ဒနဲ့ မောင်ရန်မျိုးအောင် တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်းတင်ဆက်လိုက်တာပါ။ (တစ်ချို့ပုံများ မသင့်တော်ပေမဲ့ သာဘာဝအမှန်အတိုင်း ဖြစ်စေချင် သိစေချင်လို့ ဖြစ်နေတဲ့အတိုင်း ဖေါ်ပြလိုက်ပါတယ်။)
REF:ရန်မျိုးအောင်
Labels: Religion-II
Labels: Religion-II
Labels: Knowledge-III, Religion-II
Labels: Religion-II
တစ်စုံတစ်ယောက် ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခု ဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ဆင်းရဲ နွမ်းပါးပါစေ၊ ကျန်ခဲ့သူမိသားစုတွေက သရဏဂုံတင်ဖြစ်အောင် ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းကို သရဏဂုံတင်ခွင့် မရလိုက်ကြတဲ့ အခါမျိုးမှာ အင်မတန်ဝမ်းနည်း ပက်လက် ဖြစ်တတ်ရပါတယ်။ တကယ်တော့ တစ်ဦးတစ်ယောက် ကွယ်လွန်တဲ့အခါ အသက်ရှင်စဉ်က သရဏဂုံယူထားခဲ့ရင်လည်း ပျက်ပျယ်သွားပါပြီ။ အလောင်းကောင်က ဘာမှ မသိနိုင် မဆိုနိုင်တဲ့ အတွက် သရဏဂုံတင်ပေးပေမယ့် သရဏဂုံ မရနိုင်တော့ပါဘူး။ ဒါပေမယ့် ကွယ်လွန်သူဟာ ပြိတ္တာအုပ်စုမှာ ပါဝင်တဲ့ တစ္ဆေ၊ သရဲ၊ မှင်စာ၊ နတ်စိမ်း စတဲ့ဘ၀မျိုးကို ရောက်နေခဲ့ရင် သရဏဂုံယူနိုင် ဆောက်တည်နိုင်ပါတယ်။ ဒါကြောင့်
- တကယ်လို့များ ဒီလိုဘ၀မျိုး ရောက်နေခဲ့ရင် သရဏဂုံဆောက်တည်နိုင်ပါပြီ။ သရဏဂုံနှင့်စပ်တဲ့ အကျိုးတွေကို ခံစားနိုင်ပါစေ..ဆိုတဲ့ ရည်ရွယ်ချက်။
- အနီးအနားမှာရှိတဲ့ အခြား တစ္ဆေ၊သရဲစတဲ့ သရဏဂုံယူနိုင်သူတွေလည်း သရဏဂုံခံယူဆောက်တည်ပြီး သရဏဂုံနှင့်စပ်တဲ့ အကျိုးတွေကို ခံစားနိုင်ပါစေ..ဆိုတဲ့ ရည်ရွယ်ချက်။
- လက်ရှိဘ၀ ကျန်ရစ်သူ မိသားစု ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းများလည်း သရဏဂုံဆောက်တည်ပြီး သရဏဂုံနှင့်စပ်တဲ့ အကျိုးထူး တွေကို ရရှိ နိုင်ပါစေ..ဆိုတဲ့ ရည်ရွယ်ချက်။
ဒီလို မွန်မြတ်သန့်စင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အလောင်းကို သရဏဂုံတင်ကြခြင်း ဖြစ်ပါတယ်။
သီလခံယူတဲ့နေရာမှာ သရဏဂုံနှင့်ပတ်သတ်၍ …
လောကီသရဏဂုံဟာ ပျက်နိုင်၊ ညစ်နွမ်းနိုင်တဲ့သဘော ရှိပါတယ်။ ပုထုဇဉ်တွေ ဆောက်တည်တဲ့ သရဏဂုံဟာ လောကီသရဏဂုံ ဖြစ်ပါတယ်။ ပျက်နိုင်၊ ညစ်နွမ်းနိုင်တာကြောင့် စိတ်မချရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘုရားရှိခိုးတိုင်း သီလခံယူတိုင်း သရဏဂုံကိုပါ ခံယူခြင်းဟာ တကယ်လို့ ပျက်သွားရင်လည်း အသစ်ယူပြီးဖြစ်အောင် ကျိုးနွမ်းနေရင်လည်း သန့်ရှင်းစင်ကြယ်သွားအောင် မပျက်မညှိုး ပင်ကိုယ်အတိုင်း ရှိနေခဲ့ရင်လည်း မြဲရာသံပတ်ဆိုတဲ့ စကားအတိုင်း ပင်ကိုယ်ခိုင်မြဲနေတဲ့ သရဏဂုံကိုပိုပြီး ခိုင်မြဲအောင် လုပ်တဲ့သဘောဖြစ်ပါတယ်။
နောက်တစ်ခုက = ဘယ်အရာမှာပဲဖြစ်စေ အလေ့အကျင့်များခြင်းဟာ အလုပ်လုပ်တဲ့အခါ ပိုပြီး လွယ်ကူမြန်ဆန်မှု ရှိတတ်ပါတယ်။ တစ်ကြိမ်တစ်ခါ သရဏဂုံယူထားတာနဲ့ ပျက်မသွား၊ ညှိုးမသွားအောင် ထိန်းသိမ်းနိုင်တယ်ထားအုံးတော့ – ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ သားသမီးစတဲ့ အရေးပေါင်းများစွာ ပတ်လည်ဝိုင်းနေတဲ့ လူ့လောကမှာ သရဏဂုံကို မေ့လျော့နေတတ်ပါတယ်။ ဒီတော့ ဘုရားဝတ်တည့်တိုင်း သီလခံယူတိုင်း သရဏဂုံခံယူခြင်းဟာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော် တွေကို အာရုံပြုပြီး ဖြစ်တာမို့ စိတ်ထဲမှာ အလေ့အကျင့်တစ်ခု၊ အထုံတစ်ခု ဖြစ်လာပါတယ်။ ဒီလိုအထုံ ရနိုင်မှုဟာ – သွားလာရင်း၊ ရောင်းဝယ်ရင်း၊ အလုပ်လုပ်ကိုင်ရင်း ဘုရား၊တရား၊သံဃာ ဂုဏ်တော်တွေကို အလွယ်တကူ အာရုံပြုနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါဟာ လောကအလည်မှာ ဣနြေ္ဒရရ၊ သိက္ခာရှိရှိ အလေ့အကျင့်ကောင်း ဖြစ်ပါတယ်။
တကယ်လို့ ကွယ်လွန်ခါနီးမှာ၊ လောဘအာရုံ၊ ဒေါသအာရုံ၊ မောဟအာရုံ စတဲ့ မကောင်းတဲ့ အာရုံတွေနဲ့ ကြုံတွေ့ရရင်လည်း အလွယ်တကူ ကျော်လွှားပြီး သရဏဂုံအာရုံနှင့် ဘ၀ကူးနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။
ဒီလို မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေနှင့် ဘုရားရှိခိုးတိုင်း၊ သီလခံယူတိုင်း၊ သရဏဂုံကိုပါ ခံယူဆောက်တည်တဲ့ အလေ့အကျင့်ကို ရှေးရှေးကတည်းက ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ။
အရှင်နန္ဒသေနာလင်္ကာရ – ဘာသာရေးအနှစ်သာရများ စာအုပ်မှ…
Labels: Religion-II
Labels: News-VII, Religion-II

Labels: Religion-II
Labels: Religion-II
Labels: Health-IV, Religion-II

ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလ၀ံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား
ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် "အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"
အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ
၁။ မကောင်းမှု ကိုရှောင်ရမယ် ။
၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။
၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း
ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့" ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း
အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက
ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး
ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ
ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့
သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။
နိမိတ်လေးပါးမြင်ခြင်း
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း
နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး
နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ
ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။
Labels: First histories-III, Religion-II
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ