M.B.B.S (ကျေးတော)
ကဲ စာဖတ်တဲ့သူရော M.B.B.S ဆိုတဲ့ အဓိပ္ပါယ်လေးကို သိသွားပြီပေါ့နော်. . . . . . . . နောက်ဆိုရင် ကိုယ်နေမကောင်းဖြစ်လို့ ဆေးခန်းသွားရင် ဆိုင်းဘုတ်လေးတွေကို တွေ့တိုင်း ဒီပုံပြင်လေးကို သတိရလိုက်နော်။
ဗဟုသုတဘဏ်
Labels: Stories

ဟိုးရှေးရှေးတုန်းက လယ်သမားကြီးတစ်ယောက်ရှိတယ်တဲ့။ သူကမိုးကြိုးပစ်လယ်သမား။ မိုးကြိုးအပစ်ခံရလို့တော့ မဟုတ်ဘူး။ လယ်သမားသာဆိုတယ် တစ်ချိန်လုံး တစ်နေ့ခင်းလုံး လယ်စပ်က သစ်ပင်နားမှာအိပ်, အိပ်နေလို့ သူ့ကို မိုးကြိုးပစ်စေ့လယ်သမား လို့တစ်ခြားရွာသားတွေက နောက်ကျတာ။ သူကတော့ဂရုမစိုက်။ အေးအေးလူလူ အိပ်မြဲအိပ်လျက်။ ဒါပေမယ့်သူက ဆုတောင်းတာတော့ဝါသနာပါတယ်။ အလုပ်သာမလုပ်ချင်တာ သစ်ပင်အောက်မှာအိပ်ကာနီးတိုင်း သစ်ပင်စောင့်ရုက္ခစိုး နား Heat တက်လောက်အောင်ကို ဆုတောင်းတာ ။ တစ်နေ့လည်းထုံးစံအတိုင်းပေါ့ နေ့လည်ခင်းနေကပူပူ သစ်ပင်ရိပ်ကလည်းကောင်းဆိုတော့ လယ်သမားကြီးက အိပ်ခါနီး လက်အုပ်လေးချီ ဆောင့်ကြောင့်လေးထိုင်ပြီး
“ရုက္ခစိုးနတ်မင်းကြီး၊ ကျွှန်ုပ်ဆင်းရဲသား ကျောမွဲပြာမှာ အိပ်စရာလည်းမြေကြီး စားစရာလည်းနထ္တိ သောက်စရာလည်းရေနီ ကံကိုကဆိုးလှပါတယ် အရှင်။
ကျွှန်ုပ်တို့လို ငမွဲတွေကို မစဖို့နေနေသာသာ ဘယ်နတ်မြတ်နတ်ကောင်း နတ်အပေါင်းမှာလည်း ဘယ်ဆီဘယ်ဝှမ်းဂလေ သရမ်းနေလည်းမသိပါဘူး။
အရှင်နတ်ကြီးလည်း အတူတူပဲ။ ဘယ်နတ်ဟော်တယ်တက်ပြီး နတ်မော်ဒယ်မလေးတွေနဲ့ ကုလားကားတွေကြည့်ပြီး နှစ်ပါးသွားကနေလည်းမသိ။ အကျွှန်ုပ်တို့မှာတော့ ဘုရားတရားတ, လည်း မထူး၊ အရှင်တို့က ကျွှန်ုပ်တို့ကို့နှစ်လုံးဂဏန်းပေးဖို့ကို နတ်ကာရာအိုကေမယ်လေးတွေကို Tips ပေးဖို့လောက်မှစိတ်မဝင်စား၊ အောင်မယ်မင်း…ကံကိုကဆိုးလှပါတယ်ဘုရား”
ဆိုပြီး အပြစ်ဆိုငိုချင်းလေးနဲ့ နတ်ကြီးသနားလာအောင်ဆုတောင်းရှာသတဲ့။ နတ်ကြီးကလည်းဂရုစိုက်ဖို့နေနေသာသာ အဖက်တောင်မလုပ်လေတော့ ကိုလယ်သမားလည်း မောမောနဲ့အိပ်ပျော်သွား ရှာသတဲ့ကွယ်။ လယ်သမားကြီးအိပ်ပျော်နေတုန်း ရုက္ခစိုးကြီးကလည်း နတ်သဘင်ညီလာခံမှာ သွားပြီး ရှက်ကီပိတ် အစည်းအဝေးကကျွေးမွေးတာတွေစားပြီး ပြန်လာချိန်ပေါ့။ ဒေါင်ချာကလည်းစိုင်း ယိုင်ထိုးယိုင်ထိုးနဲ့ပေါ့။ သူ့ဘုံဗိမာန်အောက်မှာ ပိုးလိုးပက်လက် တခူးခူးနဲ့အိပ်နေတဲ့လယ်သမားကြီးကိုလည်းတွေ့ရော
“အောင်မာ…သကောင့်သားက မခန့်၊ ငါ့ဘုံဗိမာန်ကိုများစော်ကားမော်ကား ဖောင်ပြင်ပြီးအိပ်နေလိုက်တာ၊ နတ်တို့ပညာမနေသာဆိုသလို ပညာတော့ပြပေဦးမှဆိုပြီး ဖင်ကိုဖနောင့်နဲ့ဖရီးကစ်ပြီး ငြင်ငြင်သာသာလေး နှိုးလိုက်တယ်”
လယ်သမားကြီးလည်း အကြိမ်ပေါင်းများစွာ ဖရီးကစ်ခံရတော့မှ နိုးလာတော့တယ်။
“ဘယ်အကောင်လည်း ငါ့ဇရက်မင်းစည်းစိမ်ကိုဖျက်လိုဖျက်စီးလုပ်တာ။ သတ္တိရှိရင် ဖွက်ဓဲ့။ မင်းတို့မွေးမတွေ မုဆိုးမဖြစ်ကုန်မယ်ဆိုပြီး” အိပ်မှုံစုံမွှား ဝူးတူးဝါးတားနဲ့ပေါ့။ နောက်မျက်လုံးကိုသေသေချာချာပွတ်ပြီး ပြူးပြဲကြည့်မှ ပြောင်ပြောင်လက်လက်ကြီးနဲ့ ကိုယ်ထင်ပြနေတဲ့ ရုက္ခစိုးကြီးကိုသွားတွေ့သတဲ့။ သူ့မျက်လုံးကိုသူမယုံ။သေချာအောင်မေးစမ်းဦးမှ ဆိုပြီး
“အံမယ် ပြောင်ပြောင်လက်လက်တွေနဲ့ ဟိုဘက်ရွာဇာတ်အဖွဲ့က ငနဲကြီးကျုပ်ကို ဘာလာနှောင့်ယှက်တာလည်းဗျ။ ကျုပ်ဘာကျုပ် အိပ်ရင်းနဲ့ငါးပါးသီလစောင့်နေတာ ခင်ဗျားကဘာလာနှောင့်ယှက်တာတုန်းး။ တောသားလက်သီး G3 ကြုံတုန်းမြည်းစမ်းချင်သပလေ။ ဟုတ်စ” လို့ဒေါနဲ့မောနဲ့ မေးလေတယ်။
နတ်ကြီးက “အောင်မာ မင်းလိုလက်တောက်လောက်ကောင်ကများ ရာရာစစ၊ ခါတိုင်းတော့ငါ့နားမခံသာအောင် ငါ့ဗိမာန် သစ်ပင်အောက်မှာ ဆုတောင်းကို Rapping ရွတ်သလိုရွတ်နေပြီး၊ အခုကျတော့ Rocker လိုဒေါသထွက်ပြနေလိုက်တာ။ နတ်သားလက်သီး M16 ကိုမြည်းစမ်းချင်သပေါ့လေ” ဆိုပြီး Rhyme လေးနဲ့ အားကျမခံ မောင်းတင်လိုက်လေတယ်။
လယ်သမားကြီးလည်း အခုမှ နတ်ကြီးမှန်းသိ၊ နှစ်လုံးဂဏန်းလည်းလိုချင်တော့ စာမူလိုချင်တဲ့ ထုတ်ဝေသူထုံးနှလုံးမူ၊ မူလကျီသူနီလုပ်ပြီး “အို..အရှင်နတ်ကြီး ကျွန်တော်မျိုးအမိုက်အမဲကို ခွင့်လွှတ်ပါ။ ဒါဆိုအခု ကျွန်တော်မျိုးကြီးကိုမစတော့မယ်ပေါ့။ လုပ်ပါနတ်ကြီးရာ ပေါက်ကဏန်းရယ်၊ ကုမ္ပဏီတစ်ခုရယ်၊ အိမ်တစ်လုံးရယ်၊ ကားတစ်စီးရယ်၊… အိုဗျာရှုပ်ပါတယ် ကျွှန်ုပ်ဘာကျွှန်ုပ် ဆုတောင်းဖို့ လိုတရလက်စွပ် ၅ ကွင်းလောက်လိုလိုပိုပို သနားမစတော်မူပါဗျား…”
နတ်ကြီးက “အောင်မယ်လေးဗျာ မင်းကိုအဲဒီလောက်ပေးနိုင်မှ ငါတောင်မှ ဒီသစ်ပင်ပေါ်မှာစောင့်မနေဘူး။ ဟာဝိုင်ဟီကျွန်းတစ်ကျွန်းလုံးဝယ်ပြီး နတ်သမီးတစ်ဘက် ၅၀၀ လောက်နဲ့အပြတ်ကဲနေပြီ။ မင်းဆုတောင်းက ဖိုးသိကြားလည်း မတတ်နိုင်ဘူး။ ငါလည်းမတတ်နိုင်ဘူး။ ငါတတ်နိုင်တာ တစ်ခုနဲ့တော့မစနိုင်တယ်။ မင်းယူမလား။”
လယ်သမားကြီးလည်းဘာရရမနည်းဘူးဆိုပြီး။ ခေါင်းညိတ်လိုက်တယ်တဲ့။ နတ်ကြီးက “အေး…ငါပေးမှာ သူဋ္ဌေးဖြစ်ဆေးနည်းပဲ။ ဒီဆေးနည်းအတိုင်းသာလိုက်နာပေတော့” ဆိုပြီး လယ်သမားကို လိုက်ဆိုခိုင်းတယ်။ “လုံ့လလည်းကူ၊ မိုးလည်းကူ၊ နောက်ချေးလည်းချ၊ ငါလည်းမ.. တစ်နေ့ကိုအိပ်ရာဝင်ခါနီး ၁၇ ခါလောက်ရွတ်။ မင်းသူဋ္ဌေးဖြစ်ရော” ဆိုပြီးပြောပြောဆိုဆို ဒိုးသွားလေတော့တယ်။
လယ်သမားကလည်း ပညာမတတ်တော့ပထမ ဘာကိုဆိုလိုမှန်းမသိရှာဘူး။ နောက်မှဆိုလိုရင်းက ဇွဲလုံ့လ ဝီရိယ နဲ့ မြေသြဇာ နောက်ချေးနဲ့ စနစ်တကျ ဥာဏ်သုံးပြီး စိုက်ပျိုးထွန်ယက်၊ ရာသီဥတုကလည်းသမမျှတ ဆိုရင်နတ်ကြီးမစရာတောင်မလိုဘူး အော်တို စီးပွားဖြစ်တယ်ဆိုတာ လိုက်နာကျင့်သုံးရင်းနဲ့ သူဋ္ဌေးကြီးဘဝကို ကိုယ်တွေ့ ရောက်ရှိသွားလေသတဲ့။
လူတစ်ယောက် ခရီးထွက်လာခဲ့သည်။
သူ့လက်ထဲတွင် ဒိုင်အိုချီးနီးစ်၏ မီးအိမ်ကို ကိုင်ဆောင်မထား၊ ဗြဟ္မာကြီးဦးခေါင်းကိုလည်းရွက်မလာ၊ ဇီဝကလို ဆေးလွယ်အိတ်လည်းမလွယ်၊ ခေါင်းထဲတွင် ကွန်ဖြူးရှပ်၏အတွေးအခေါ်တွေလည်းမရှိ...ယုတ်စွအဆုံး ရေဘူးနှင့် ဖိနပ်လည်းမပါ...ဘာဆိုဘာမှ မပါ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် သုညတစ်လုံးကိုပိုက်၍သာ ခရီးထွက်လာခြင်းဖြစ်သည်။ သူတွင်ရည်မှန်းချက်လည်းမရှိ ခရီးထွက်ချင်လို့သာ ထွက်လာခဲ့ခြင်းဖြစ်သည်။
မောင်ပေါက်ကျိုင်း အဆိုအရ သွားပါများ ခရီးရောက်၊ မေးပါများ စကားရ၊ မအိပ်မနေအသက်ရှည် ဆိုသလို သူ ချောင်းကိုဖြတ် မြစ်ကိုကျော်၍ ခရီးဆက်လာခဲ့လေသည်။
တောအုပ်အစပ်ရောက်တွင်
လပေါ်က ဆန်ဖွပ်သည့် အဘိုးအိုကို သူမြင်တွေ့လိုက်ရသည်။ သူ့ဘေးက ယုန်ကလေးကလည်း နားရွက်ကလေးထောင်လို့ပေါ့။ ဒါနဲ့သူက အဘိုးကို မေးကြည့်သည်။
“အဘိုး မပင်ပန်းဘူးလား တစ်ချိန်လုံး ဆန်ဖွပ်နေရတာ...အခုခေတ်မှာ ဆန်ကိုစက်နဲ့ကြိတ်လို့ရနေပြီလေ..အပင်ပန်းမခံပါနဲ့လား အဘိုးရယ်”
“ဟေ...မင်းဘာသိလို့လဲကွ...ငါက အလုပ်လုပ်ချင်လွန်းလို့ ရှာကြံလုပ်နေရတာကွ...အလုပ်မလုပ်ပဲနေရင် ငါမနေတတ်တော့ဘူး...နောက်ပြီး ကလေးငယ်လေးတွေအတွက် အိပ်ယာဝင်ပုံပြင်တွေထဲမှာ ငါရှိနေချင်တယ်ကွာ...ငယ်ရွယ်နုနယ်တဲ့ ဖြူစင်တဲ့ ကလေးတွေ လသာညတိုင်း ငါ့ကို ထိုင်ပြီးငေးကြည့်နေကြတာ ငါဘဝဘာနဲ့မှမလဲနိုင်ဘူးဟေ”
ယုန်ကလေးကပါ မျက်စောင်းထိုးကြည့်လေသည်။ ဒီလူတယ်ရှုပ်ပါလားဆိုသည့်သဘော... အဲဒါနဲ့သူလည်း အဘိုးအိုနားက အသာလစ်ထွက်လာခဲ့လေသည်။
ဒီလိုနဲ့ တောအုပ်တစ်နေရာအရောက် တိရစ္ဆာန်များ အုတ်အော်သောင်းနင်းဖြစ်နေသည့်အသံများကြား၍ ဘာဖြစ်နေပါလိမ့်ဟု သူဝင်ကြည့်မိသည်။
ယုန်နဲ့လိပ် အပြေးပြိုင်နေခြင်းဖြစ်သည်။
လိပ်က သူ့ကျောခွံကြီးကိုလွယ်ကာ အိပဲ့အိပဲ့နှင့်ပြေးနေခြင်းဖြစ်သည်။ ကိုရွှေယုန်ကတော့ သစ်ပင်ရိပ်မှာ တခူးခူးနှင့် အိပ်ပျော်နေလေသည်။ သွားရည်တောင်ကျနေလိုက်သေး။ ဒါနှင့်သူ ယုန်အနားကိုကပ်၍ သွားနိုးလေသည်။
“ဟေ့...ဖိုးရွှေယုန်..ထ..ထ...ဟိုမှာ လိပ်ကပန်းတောင်ဝင်တော့မယ်ကွ”
အိပ်မှုန်စုံမွှားဖြင့် မျက်လုံးပွတ်ကြည့်သည်။ ထို့နောက် တစ်ဘက်စောင်း၍ ပြန်အိပ်သွားလေသည်။ သူလည်း စိတ်မရှည်ပဲ
ယုန်၏ ထောင်ကားနေသော နားရွက်နားကပ်၍
“ထဟ... ငပျင်းရဲ့ ဟိုမှာ နင့်ထက်အဆတစ်ရာ အပြေးနှေးတဲ့လိပ်က ပန်းဝင်တော့မဟဲ့” ဟု အားကုန်အော်လိုက်လေသည်။
ယုန်သည် အကြီးအကျယ်စိတ်ဆိုးသွားဟန်ဖြင့် သူ့ကို ဘုကြည့်ကြည့်ကာ...
“ဟေ့လူ...ကျုပ်က အနှိုင်တွေ အရှုံးတွေကို အတူတူပဲသတ်မှတ်ထားတယ်...လောကမှာ အိပ်ရေးဝဝအိပ်ပြီး လန်းလန်းဆန်းဆန်းနဲ့ မနက်ခင်းတွေကို နှုတ်ဆက်ရတာလောက် ဘာမှ တန်ဖိုးမထားဘူး။ ခင်ဗျားမအိပ်မနေအလုပ်တွေလုပ် ပိုက်ဆံတွေစု ပိုက်ဆံရှိတိုင်းလည်း ကျုပ်လို သစ်ရိပ်ဝါးရိပ်မှာ အေးအေးလူလူ အိပ်လို့မရဘူး။ နောက်ပြီး ပုံပြင်တွေထဲမှာ ကျုပ်လို အပြေးသမားက အပျင်းကြီးတယ်လို့ ခင်ဗျားတို့ လူတွေကတစ်ဘက်သတ်စွပ်စွဲထားတာ...တန်အောင်အိပ်မယ်ဗျာ...အိပ်ရေးပျက်တယ် သွား..သွား..” ယုန်ကစိတ်ဆိုးမာန်ဆိုးနဲ့ပြောတော့ သူလည်း အမြှီးလေးကုပ်ပြီး ခရီးဆက်ထွက်ခဲ့သည်။
ခရီးဆက်လာရင်း ဒေါင်းတွေဝိုင်းအုံခွပ်ခြင်းခံနေရသော ကျီးတစ်ကောင်ကိုသူတွေ့လေသည်။ သူလည်း တစ်ကောင်နှင့်အများဆိုတော့ ကျီးကိုသနားသည်နှင့် ဒေါင်းတွေအားလုံးကို ခြောက်လှန့်လွှတ်လိုက်သည်။ ဒေါင်းအမွှေးတွေကိုယ်မှာ ကျိုးတိုးကျဲတဲ မဲပြောင်ပြောင်ခန္ဓာကိုယ်အနှံ့ ဒေါင်းခွပ်ခံရသည့် ဒဏ်ရာများနှင့် အသက်မျော့မျော့သာကျန်တော့သော ကျီးကိုတွေ့ရလေသည်။
“ခင်ဗျားဗျာ....ကိုယ်နဲ့မတန်မရာဘာလို့ ဒေါင်းယောင်ဆောင်ရတာလည်းဗျ” သူက ကရုဏာသံနှင့်မေးသည်။
ကိုရွှေကျီးက “ဟာ...တိရစ္ဆာန်ခြင်းအတူတူ သူတို့က တမူးပိုရှုရတယ်လို့ဗျာ... ကျုပ်လည်း လှချင်တာပေါ့ဗျ...ကိုယ့်ကိုယ်ကို လှမလားဆိုပြီး ဒေါင်းသေတစ်ကောင်ဆီက အမွှေးတွေယူပြီး တပ်ကြည့်တာပေါ့..ကျုပ်လှတာကို သူတို့ကမနာလိုကြဘူးလေ..အဲဒါကြောင့်ဝိုင်းခွပ်ကြတာ... နင်လို အသာမည်းငမွဲက ငါ့တို့အရောင်အသွေးနဲ့တူသလား တန်သလားတဲ့... တိရစ္ဆာန်အချင်းချင်း အသားအရောင်အဆင့်အတန်းခွဲခြား အကောင်အတန်းအစား(လူတန်းစားမဟုတ်) ခွဲခြားတာ ကျုပ်မခံနိုင်ဘူး....အု...အု..အု”
ပြောရင်း ဒေါသနှင့်အတူ ကိုရွှေကျီးပါ အသက်ထွက်သွားလေသည်။ သူလည်းကိုရွှေကျီးအလောင်းကို သေသေချာချာမြှုပ်နှံပေးပြီးသည့်နောက် ပညာရှိဦးဇီးကွက်ထံသွား၍ တောကောင်အချင်းချင်း အဆင့်အတန်းခွဲခြားမှုပပျောက်ရေးအကြောင်း အဆိုတင်သွင်းခဲ့လေသည်။
သူရွှေကျီးအတွက် စိတ်ညစ်ညစ်နှင့် တောအုပ်ထဲက ရေကန်ကြီးနံဘေးမှာထိုင်နေလေသည်။ ထိုရေကန်ထဲ၌ ကြာမျိုးငါးပါးပွင့်နေသလို လိပ်ပြာကလေးများကလည်း ကြာပန်းများကြားလွင့်ဝဲနေလေသည်။ ကြာပန်းကြားမှတိုးဝှေ့ကာ ကန်ရေပေါ်မှဖြတ်တိုက်သည့်လေနုအေးလေးကို မျက်လုံးအသာလေးမှိတ်၍ အမောပြေရှုရှိုက်နေတုန်း အလွန်မွှေးပျံ့သောရနံ့တစ်ခုသူရလိုက်သည်။ သူ့မျက်စိဖွင့်ကြည့်လိုက်သည့်အခါ ပန်းပေါင်းစုံနှင့်ရက်လုပ်ထားသော အဝါရောင်ဝတ်ရုံဖြင့် နတ်သမီးတစ်ပါးအား သူရှေ့၌ူမြင်လိုက်ရလေသည်။ သူမ၏ အဖြူရောင်အတောင်ပံတစ်စုံကလည်း လှပလွန်းလှသဖြင့် မျက်စိများမှောက်မှားလေသလားဟု သူ့မျက်လုံးသူသေချာပွတ်ကြည့်မိသည်။ သူ့အမြင်အာရုံလည်းမမှားပေ။ သို့သော် သူ့တစ်သက်နှင့်တစ်ကိုယ် ထိုမျှချောမောလှပသော မိန်းကလေးအား တစ်ခါမျှမမြင်ဘူး။ အဝါရောင်ဝမ်းဆက်ဖြင့် မဟာဆန်စွာ ကျော့ရှင်းလှပလွန်းလှသည်။ သူမ၏ လက်ချောင်းလေးများမှာလည်း နှင်းဆီပန်းတို့နှင့်တူစွာ နှုးညံ့နီထွေးနေသည်။ ထို့အတူ လက်မောင်းများမှာလည်း ရွှေအိုရောင်တောက်ပနေလေသည်။ ထိုအဝါရောင်နတ်သမီးလေးက သူ့အားပြုံးပြုံးလေးစိုက်ကြည့်နေလေသည်။ သူကလည်းပြန်ပြုံးပြလိုက်လေသည်။

“ခင်ဗျား....နာ...နာမည်ဘယ်လိုခေါ်ပါသလဲ” သူ့စကားလုံးများ ထစ်အကုန်သည်။
သူမကသွားလေးပေါ်အောင်ပြုံးကာ “ကျွန်မနာမည်က Eos ပါ.. အရုဏ်ဦးရဲ့ နတ်ဘုရားမပေါ့...မနက်ခင်းဆိုရင် ကျွန်မအစ်ကို နေမင်းကြီး (Helios) ကို နှိုးပေးပြီး ကောင်းကင်ရဲ့တံခါးဝကို ကျွန်မရဲ့ ဟောဒီနှင်းဆီလက်နှစ်ဘက်နဲ့ ကိုယ်တိုင်ဖွင့်ပေးရတယ်လေ.. ”
ဗျာ...နတ်ဘုရားမ..? နှင်းဆီလက်နှစ်ဘက်? ကျွန်တော်အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်?
“မဟုတ်ပါဘူး..”
ဆိုပြီး သူမက လက်ထဲက ပန်းတစ်ပွင့်နှင့်သူ့ဆီသို့ လှမ်းပေါက်လိုက်လေသည်။ ထိုပန်းကလေးသည် သူ့ ဘယ်ဘက်ရင်အုံတည့်တည့်သို့ထိမှန်သွားကာ သူ့ နှလုံးခုန်သံများရပ်တန့်သွားလေသည်။ ထိုသို့နှင့်သူနှင့် သူမ (အဝါရောင်နတ်သမီး) တို့ သူမအစ်ကိုနေမင်းကြီးမနိုးခင် မနက်ခင်းလေပြည်ရနံ့များရှိုက်ရင်း တောအုပ်အလင်းထောင့်ချိုးများရောက်သည် အထိ အတူတူလမ်းလျှောက်ကြသည်။ သူကတော့ နတ်သမီးလေးအလစ်၌ လေရှုးနှင့်အတူ သူ့မျက်နှာပေါ်သို့တစ်ချက်တစ်ချက်ရောက်လာသော သူမ၏ ဆံကေသာများကို ခိုးနမ်းနေမိသည်။
သူမရဲ့ ပန်းပေါင်းစုံဝတ်ရုံရနံ့ကြားမှာ ယစ်မူးရင်း တစ်ခဏလေးအတွင်း ကဗျာဆန်တဲ့အလှမှာ စီးမျောပျော်ဝင်နေလေပြီ။ သူ ခရီးလည်းဆက်မထွက်ဖြစ်တော့ ထိုတောအုပ်အတွင်းမှာ နေထိုင်ရင်း မနက်ခင်းအာရုဏ်တက်ချိန်များ ကိုသာ သူစောင့်မျှော်နေလေ့ရှိသည်။ ဒီလိုနှင့် သူရယ် အဝါရောင်နတ်သမီးရယ် နံနက်ခင်းတိုင်း တောအုပ်ကြီးထဲ၌ လျှောက်သွားကြကာ နေထွက်ကာနီးအချိန်လောက်တွင် သူမက လမ်းခွဲသွားလေ့ရှိသည်။ သူမ၏စံနန်းတော်ဖြစ်သော သမုဒ္ဒရာ အစွန်းတစ်ဘက်ကိုလည်း နတ်မြင်းပျံခြောက်ကောင်ကသော ရထားလုံးဖြင့်ခေါ်သွားလေ့ရှိသည်။ ထို့အတူ ထိုရထားလုံးဖြင့်ပင် ကမ္ဘာကြီးအနှံ လျှောက်လည်ကြလေသည်။ တစ်နေ့တွင် သူတို့နှစ်ယောက်အကြောင်းကို ဇုနတ်မင်းကြီး သိသွားကာ နတ်သမီးလေးအား လူသားနှင့် ချစ်ကြိုးသွယ်မိသည့်အတွက် သူမအား အပြစ်ဒဏ်ခတ်လိုက်ကာ လူပြည့်သို့ မဆင်းရဟု အမိန့်ထုတ်လိုက်လေသည်။
ထိုနေ့မှစ၍ သူသည် မနက်ခင်းတိုင်း နတ်သမီးလေးကို စောင့်မျှော်ပါသော်လည်း နတ်သမီးလေးသူ့ထံမရောက်လာနိုင်တော့ပေ။
ရေကန်ကြီးနား၌လည်းကောင်း၊ သမုဒ္ဒရာအစပ်၌လည်းကောင်း၊ ပန်းပွင့်များကြား၌လည်းကောင်း၊ မနက်ခင်း အရုဏ်မတက်မှီ ကောင်းကင်ပေါ်သို့မော့်ကြည့်၍ လည်းကောင်း နတ်သမီးလေးရှိတတ်မည့် နေရာတိုင်း၌လိုက်ရှာသော်လည်း နတ်သမီးလေးကတော့ ပေါ်မလာတော့ပေ။
နေ့များကို နာရီများစား၍...ရက်များမှသက္ကရာဇ်များကို စားသည့်တိုင်အောင် အဝါရောင်နတ်သမီးအား သူစောင့်နေခဲ့သည်။ သို့သော် သူမ၏အရိပ်တောင်မှ သူမမြင်ရတော့ပေ။
Labels: Stories, Their thinking
Labels: Stories, Their thinking, ပုံပြင်, သူတို့အတွေးများ
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ